ဘေဘီလေးတွေလည်း သွေးတိုးလေ့ရှိပါတယ်နော်
အမလေး ခေါင်းတွေမူးလိုက်တာဆိုပြီး သွေးတွေ တိုးပြနေတာမျိုး ရုပ်ရှင်တွေထဲမယ် မြင်ဖူးကြမယ်မဟုတ်လား။ သွေးတိုးတယ်ဆိုတာ ခပ်ဖိုင့်ဖိုင့်သူဌေးမကြီးတွေချည်း တိုးလိမ့်မယ်လို့တော့ အလွယ်တကူ မတွေးလိုက်ပါနဲ့နော်။
Hypertension လို့ခေါ်တဲ့ သွေးတိုးရောဂါဟာ သွေးကြောအတွင်းမှာ ဖိအားတက်လာပြီး သွေးကြောနံရံကို တွန်းကန်တဲ့အခါ ဖြစ်ပေါ်ပါတယ်။ နှလုံးဟာ သွေးလွှတ်ကြောနှင့် စီးဆင်းနေတဲ့ သွေးတွေကနေ လာတဲ့သွေးကို ညှစ်နေတာကြောင့် သွေးဖိအားဟာ မိနစ်တိုင်း အမြဲပြောင်းနေတာပါ။
ဒီရောဂါဟာ လူကြီးတွေမှာသာမက ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ မအံ့ဩပါနဲ့။ သွေးတိုးရှိတဲ့ သက်တူရွယ်တူ၊ လိင်နဲ့ ခန္ဓာကိုယ်အရွယ်အစားတူတဲ့ တခြားကလေးတွေထက် သွေးဖိအားပိုများနေသူတွေကို ဆိုလိုပါတယ်။
ပုံမှန်အားဖြင့် ကလေးတွေက ကြီးထွားနေဆဲကာလဖြစ်တာမို့ သွေးဖိအားကလည်း အဆက်မပြတ် ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေအတွက် ပုံမှန်သွေးပေါင်ချိန် သတ်မှတ်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ရုတ်တရက်ဆိုရင် ကလေးတွေမှာ သွေးတိုးနေတာကို သိနိုင်ဖို့ ခက်ခဲတတ်ပါတယ်။
ကလေးတွေ သွေးတိုးလာအောင် တွန်းအားပေးနေတဲ့ အကြောင်းအချင်းအရာတစ်ချို့ရှိတာမို့ အဲဒါတွေကို သတိထားပေးဖို့ လိုအပ်ပါတယ်။ Risk Factor တွေက လူကြီးတွေလိုပါပဲ။
အဝလွန်တာ၊
အာဟာရချို့တဲ့တာ၊
နှလုံးချွတ်ယွင်းမှု၊
ကျောက်ကပ်ရောဂါ၊
မျိုးဗီဇအခြေအနေတွေ၊
ဟော်မုန်းမူမမှန်ခြင်းနဲ့
ကိုယ်လက်လှုပ်ရှားမှု နည်းပါးတာတွေပါ။
ဒါကြောင့် လူနေမှုပုံစံ ပြောင်းလဲပေးတာက ကလေးတွေအတွက်သွေးတိုးခြင်းကို လျှော့ချဖို့ ကူညီပေးနိုင်ပါတယ်။
တကယ်လို့ ကိုယ့်ရင်သွေးမှာ သွေးတိုးဝေဒနာရှိနေတယ်ဆိုရင် ဒါမှမဟုတ် သံသယဖြစ်စရာ အနေအထားနဲ့ကြုံနေရရင် ဆေးဝါးကုသမှု လျှင်မြန်စွာပြုလုပ်ဖို့က အလွန်အရေးကြီးပါတယ်။ ဘေးထွက်ဆိုးကျိုးများတာကြောင့်ပါ။
ကလေးတွေမှာဖြစ်တတ်တဲ့ သွေးတိုးဝေဒနာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကိုလည် ပြောပြပေးချင်ပါတယ်။ ကလေးတွေမှာ သွေးတိုးရောဂါစတင်လာပြီဆိုရင်
- ကလေးခေါင်းကိုက်ခြင်း၊
- အမြင်အာရုံပြောင်းလဲခြင်း၊
- နှာခေါင်းသွေးလျှံခြင်း၊
- နှလုံးနှုန်းမြန်ခြင်း၊
- အိပ်ဟောက်အသက်ရှုရပ်ဝေဒနာ ကြုံရခြင်းနဲ့
- ပျို့အန်တာတွေ ကြုံရလေ့ရှိပါတယ်။
စနစ်တကျ ကုသမှုမခံယူရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ နှလုံး၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ပျက်စီးတာတွေပါ ဆက်လက်ကြုံနေ့ရနိုင်ပါတယ်။
အကောင်းဆုံးအကြံပေးချင်တာကတော့ မိမိတို့ရဲ့ ရင်သွေးလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်မျှတအောင် အစားအစာကျွေးမွေးပြီး ကိုယ်လက်လှုပ်ရှားမှုရှိနေအောင် တွန်းအားပေး ကူညီပေးဖို့ပါပဲ။ ဒီလို လူနေမှုပုံစံ အပြောင်းအလဲတွေက သင့်ကလေးကို အဝလွန်ခြင်းမှတားဆီးပြီး သွေးမတိုးအောင် ကာကွယ်ပေးနိုင်မှာပါ။
ရေးသားသူ - ရဲဇွန်အောင်